ဇူလိုင်လ (၂၀)ရက်။
လွိုင်ကော်မြို့က ပျက်စီးသွားတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေထဲက (၁၀)တိုင်ကို အသုံးပြုနိုင်ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့တဲ့ လွိုင်ကော်မြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်တွေကို စစ်ကောင်စီက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။
နောက်ပြီး လွိုင်ကော်-ဆီဆိုင်-တောင်ကြီးကို မော်တော်ယာဉ်လိုင်း (၇)လိုင်း ပြန်လည်ပြေးဆွဲနေကာ ထပ်တိုးပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်း၀န်ထမ်းအိမ်ရာအဆောက်အဦတွေမှာ ၀န်ထမ်းတွေကို အမြန်ဆုံး ပြန်လည်နေရာချထားဖို့ စီစဉ်နေတယ်လို့ ရေးသားထားပါတယ်။
လွိုင်ကော်မြို့ပြင်က နေရာအချို့မှာ ပစ်ခတ်တာတွေ ရှိနေသေးပေမယ့် စစ်ကောင်စီကတော့ မြို့ပေါ်မှာ တည်ငြိမ်အေးချမ်းနေတာကြောင့် ဒေသခံတွေ နေရပ်ပြန်လာဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ အခုလဆန်းပိုင်းကစပြီး မြို့ပေါ်ကနေရာအများစုကို စစ်ကြောင်းထိုး၀င်လာတာတွေကြောင့် စိုးရိမ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
လွိုင်ကော်မြို့က ဌာနဆိုင်ရာရုံးတွေ၊ တက္ကသိုလ်နဲ့ အရေးကြီးအဆောက်အဦတွေအပါအ၀င် မြို့ရဲ့ (၁၀)ပုံထဲက (၄)ပုံလောက်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာပါ။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့က ဒေသခံတွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။