စက်တင်ဘာလ (၂၀)ရက်။
ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးနဲ့စပ်လျဉ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ (၉)ခုက မနေ့က ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတို့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းတာတွေကို အကြိမ်ကြိမ်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကို ရှေ့ရှု့တဲ့ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးကာလကစတင်ပြီး အတူတကွ တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုအားကောင်းရေးကို အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေအနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ သူ့ရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေထဲက ပြည်သူတွေဆိုတဲ့ အခြေခံမူတွေနဲ့ တည်ဆောက်သွားမယ်လို့ ရေးသားထားပါတယ်။
ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအနေနဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံပြီး အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်တာ၊ လူထုနဲ့ အနီးကပ်ဆုံးအာဏာနဲ့ အချိုးကျမှု အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေတာကို ဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။
ဒီလိုသဘောထားကြေညာချက်ကို KNU၊ KNPP နဲ့ CNF တို့အပါအ၀င် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီနဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ)တို့က ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။