စက်တင်ဘာလ (၂၀)ရက်။
မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါ၀င်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တော်လှန်ရေးမှာ ပါ၀င်နေတဲ့ မွန်လူငယ်တွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုလထဲ လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး မွန်ပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားစာနာမှု အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲထဲ တက်ရောက်လာတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဘက်အဖွဲ့တွေနဲ့ လက်နက်ကိုင်အင်အားစု စတဲ့ အစုအဖွဲ့တွေက ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အထက်ပါသဘောတူညီချက်ထဲ မွန်ပြည်ထဲက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် အသက်ဆက်ဖို့ ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုအပါအ၀င် အစုအဖွဲ့တွေအားလုံးက ဆန့်ကျင်တော်လှန် တိုက်ဖျက်သွားဖို့ ရေးသားထားပါတယ်။
နောက်ပြီး မွန်ပြည်နဲ့ ထိစပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တော်လှန်ရေးအစုအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။