နိုဝင်ဘာလ (၂၀)ရက်။
နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဆမ္မဆယ်ရွာက ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ဂိုဒေါင်မီးလောင်တာနဲ့ အဆောင်ဘက်ထိခိုက်ပျက်စီးတာရှိခဲ့တယ်၊ နောက်ပြီး တစ်ဦးသေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
ဆမ္မဆယ်ရွာရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဂိုဒေါင်မီးလောင်ခဲ့ကာ အဆောင်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုဝင်ဘာလ (၁၆)ရင်နေ့ကလဲ နောင်ချိုမြို့ရှိ လုံးစံကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၁၂)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား (၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ (၁၃)ရက်နေ့က နောင်ချိုမြို့ထဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်ရရှိဖို့အတွက် နေ့တိုင်း လေကြောင်းကနေ တိုက်ခိုက်နေကာ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားနေထိုင်ကြဖို့ အသိပေးထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့ တောင်ခမ်းရွာက စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။