နိုဝင်ဘာလ (၂၀)ရက်။
အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာခံရသူ (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတပ်သား (၆)ဦးထဲက တစ်ဦးဟာ MA1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့်နဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
သူတို့ (၆)ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)နဲ့ (၂)ကဖြစ်ပြီး တပ်သား ဝေဖြိုး၊ တပ်သား ဖြိုးမင်းအောင်၊ တပ်သား ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ တပ်သား သန်းတိုးအောင်နဲ့ တပ်သား ဖြူဖွေးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းတာခံရသူတွေအနေနဲ့ ရှေ့တန်းနယ်တွေမှာ တာဝန်ထမ်းဆောင်နေရတာတွေကို မြင်နေတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေါနတပ်ရင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ချိတ်ဆက်ကာ အလင်းဝင်နိုင်တယ်လို့ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။