ဇွန်လ (၂၁)ရက်။
ဇွန်လ (၁၉)ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တဲ့အပေါ် CRPH က ဒီကနေ့မှာ ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ တပ်ဖွဲ့ဝင်တွေက ဆရာတော်ကြီး စီးနင်းလိုက်ပါလာတဲ့ ကားကို ငါးဇွန်-မြို့သာလမ်းပိုင်းမှာ ရက်စက်စွာ ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ရတာကို ကန်သုံးဆင့်ဆရာတော်ရဲ့ မျက်မြင်မိန့်ကြားချက်အရ သိရတယ်လို့ ဆိုပါတယ်။
ဒါကို စစ်အုပ်စုက ပြည်သူကို လိမ်လည်လှည့်ဖျားပြီး သတင်းအမှားတွေ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်း သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ကြိုးစားတာက စက်ဆုပ်ဖွယ်ရာကောင်းတဲ့လုပ်ရပ်လို့ ဖော်ပြထားပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူတာက ဘာသာ၊ သာသနာနဲ့ နိုင်ငံတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကာ သာသနာတော်အတွက် ကြိုးစားအားထုတ်တာတို့က သမိုင်းဝင် လေးစားဂုဏ်ယူရမယ့် အရည်အချင်းတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်နည်းလမ်းမျိုးစုံနဲ့ ပြည်သူကို အကြောက်တရားရိုက်သွင်းနေတဲ့ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်တာတွေကြားမှာ ပြည်သူအားလုံးအနေနဲ့ အခက်အခဲစိန်ခေါ်မှုတွေနဲ့ ဆင်းရဲကြပ်တည်းမှုတွေများစွာ ခံစားနေကြရတယ်လို့ ပြောဆိုထားပါတယ်။
အခုလို လေးစားဂုဏ်ယူကြည်ညိုရတဲ့ ဆရာတော်တစ်ပါးကို ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်တာက ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ဒီအကြမ်းဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။