ဩဂုတ်လ (၂၁)ရက်။
သိမ်းပိုက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေအနေနဲ့ မြဲမြံစေဖို့ အထူးဂရုစိုက်ရမယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ စစ်မှာ သိမ်းပြီးရင် ထိန်းနိုင်ဖို့လိုပါတယ်။ ခုခံတော်လှန်စစ်အရ မြို့တွေရွာတွေကို သိမ်းပိုက်နိုင်တာဟာ နိုင်ငံရေးပုံရိပ်အရ လူထုကြားထဲမှာ အားပေးထောက်ခံမှု ရတယ်ဆိုပေမယ့် တဖက်မှာလဲ သိမ်းပိုက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေအနေနဲ့ ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်” လို့ သူက ဆိုပါတယ်။
စစ်ရေးရလဒ်တွေရဲ့နောက်မှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ကို အလေးအနက်ထားဆောင်ရွက်ဖို့နဲ့ တော်လှန်ရေး၊ စစ်ရေး၊ နိုင်ငံရေးအပါအ၀င် အုပ်ချုပ်ရေးကဏ္ဍ တခုချင်းစီရဲ့ အရေးပါမှုကို အထူးနားလည်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
အုပ်ချုပ်ရေးနဲ့ မူဝါဒရေးတွေကို စဉ်းစားဆောင်ရွက်တဲ့အခါမှာ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးဖို့အတွက် အခြေခံသဘောတရားတွေ ဖြစ်သင့်ကာ တိုင်းပြည်နဲ့ နိုင်ငံကို စီမံအုပ်ချုပ်တဲ့အခါမှာ တရားမျှတမှုကို အခြေခံတဲ့ မူဝါဒတွေ ကျယ်ပြန့်ဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
ဒါ့အပြင် တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းထဲမှာ လူမှုစီးပွားအရ တရားမျှတမှုရှိဖို့နဲ့ ဓနဥစ္စာခွဲဝေတာတွေ ညီညွတ်မျှတမှသာ ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် ရေးရာအလိုက် အုပ်ချုပ်စီမံမှုလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ လူထုအကျိုးအတွက် အခြေခံမူကောင်းတွေ အသက်၀င်ဖို့ကို အလေးအနက်ထားဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။