စစ်ကောင်စီရဲ့ တံတားဦးလေကြောင်းရန်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းပြီး PDF အလံလွှင့်ထူခဲ့
ဩဂုတ်လ (၂၁)ရက်။
မနေ့က နေ့လယ် (၂)နာရီခန့်မှာ တံတားဦးမြို့ရှိ စစ်ကောင်စီအထိုင်ချထားတဲ့ မြိုင်သာလေကြောင်းရန်ကာကွယ်ရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တံတားဦးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီအထိုင်စခန်းကို တံတားဦးမြို့နယ်ပကဖနဲ့အတူ နွားထိုးကြီးမြို့နယ်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း(၄)၊ မြင်းခြံခရိုင်တပ်ရင်း(၁၀)၊ မြင်းခြံခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့တို့ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ မြိုင်သာလေကြောင်းရန်ကာကွယ်ရေးစခန်းကို တော်လှန်ရေးတပ်တွေက ၀င်ရောက်စီးနင်းပြီး PDF အလံလွှင့်ထူနိုင်ခဲ့တာကို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။
မြိုင်သာလေကြောင်းရန်ကာကွယ်ရေးစခန်းထဲ စစ်ကောင်စီတပ်သား အစောင့် (၅)ဦးခန့်သာရှိပြီး တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်မလာခင်အချိန်ထဲက စွန့်ခွာထွက်ပြေးသွားတာကြောင့် ကျည်အသုံးမပြုရဘဲ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစခန်းထဲကနေ စားနပ်ရိက္ခာအချို့နဲ့ စစ်အသုံးအဆောင် အ၀တ်အစားဟောင်းအချို့ကိုသာ သိမ်းဆည်းရမိခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ကာ PDF အလံလွှင့်ထူပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်လော်ဘီချန်နယ်တွေကတော့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF အင်အား (၁၀၀)ခန့်က ၀င်ရောက်တိုက်ခိုက်တာကြောင့် ကာကင်းစခန်းက စစ်ကောင်စီတပ်သား (၁၀)ဦးခန့်ဟာ ဆုတ်ခွာပေးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေက သွားရောက်ရှင်းလင်းခဲ့ရာ ကင်းစခန်းကို ပြန်လည်ထိန်းချုပ်ထားလိုက်ပြီလို့လဲ စစ်လော်ဘီတွေရဲ့ သတင်းဖော်ပြထားချက်တွေအရ သိရပါတယ်။