စက်တင်ဘာလ (၂၁)ရက်။
စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ကာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပေးပို့တဲ့သ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အာဏာရှင်တွေကြောင့် ဘေးဒုက္ခပေါင်းစုံကို ပြည်သူတွေက ခါးစည်းခံစားနေရကာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြာင်းအမျိုးမျိုးပြ ဖမ်းဆီးတာတွေက သူတိူ့အာဏာတည်မြဲဖို့အတွက် ဦးစားပေး ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
ဒီကနေ့မှာ ရေကြီးတာ၊ မြေပြိုတာနဲ့ လေပြင်းမုန်တိုင်းတိုက်ခိုက်တာ စတဲ့ သဘာ၀ဘေးအန္တရာယ်ကို မကြုံစဖူး ခံစားနေရပြီး ပြည်သူတွေ ၀မ်းနည်းကြေကွဲနေရသလို စစ်အာဏာရှင်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကြောင့်လဲ ပူဆွေးသောကရောက်နေရတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ပြည်သူတွေဟာ အကြောက်တရားနဲ့ နေထိုင်ရပြီး အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ပိုမိုကျပ်တည်းကာ ဘ၀မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အခုကျင်းပနေတဲ့ (၇၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေ အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး လူ့ဂုဏ်သိက္ခာပြည့်၀စွာနဲ့ ရပ်တည်နေထိုင်ဖို့ ကူညီပေးနိုင်တဲ့ သဘောထားဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ တိုက်တွန်းထားပါတယ်။
KNU အနေနဲ့ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်နိုင်ဖို့ ရပ်တည်ဆောင်ရွက်နေပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒလမ်းစဉ်အတိုင်း အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ စစ်အာဏာရှင်တွေလို ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ကွဲပြားတာတွေကို အသုံးချပြီး မုန်းတီးဆန့်ကျင် သတ်ဖြတ်တာတွေ ဖြစ်ပေါ်အောင် ပြုလုပ်တာတွေကို ကျင့်သုံးမှာမဟုတ်ဘူးလို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။