ဒီဇင်ဘာလ (၂၁)ရက်။
မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်မှာ နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
AA အနေနဲ့ နပခစစ်ဌာနချုပ်ထဲက နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံးထဲရှိ လက်ကျန်နေရာအားလုံးကို နှစ်ပတ်နီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူတဲ့အပြင် လေကြောင်းကနေ စုစုပေါင်း အင်အား (၁၅၀)ခန့်ကို (၃)ကြိမ် စစ်ကူချပေးတဲ့ကြားက နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
နပခစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးမှူးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပါအဝင် ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်နဲ့ ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်းကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် အမ်းမြို့ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိန်းချုပ်ထားနိုင်တယ (၁၄)မြို့မြောက် ဖြစ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီလိုအောင်မြင်မှုအသီးအပွင့်တွေဟာ AA တစ်ခုထဲရဲ့ ကြိုးပမ်းတာကြောင့် မဟုတ်ဘဲ အာရက္ခပြည်သူတရပ်လုံးနဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်တာနဲ့ အမည်ဖော်ပြလို့မရသေးတဲ့ မိတ်ဆွေတချို့ရဲ့ ဝန်းရံတာကြောင့်ဆိုတာကို မှတ်ယူထားပြီး အထူးကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့ အောင်မြင်တာတွေဟာ ရက္ခိုင်ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ တေယ်လှန်ရေးအဖွဲ့တွေ တော်လှန်ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှုလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။