ဧပြီလ (၂၂)ရက်။
မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီထံကနေ သံချပ်ကာကားတစ်စီးကို ဖျက်ဆီးသိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က မြွေဟောက်အမျိုခံလိုက်ရတဲ့ နောက်ထပ်တစ်စီး” ဆိုပြီးတော့ ကော်ဘရာစစ်ကြောင်းက လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ သံချပ်ကာကားနဲ့ စစ်ကားအချို့ကို ဒေါနတောင်ခြေမှာ ဖျက်ဆီးနိုင်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ရေးသားထားပါတယ်။
စစ်ကောင်စီဘက်က မြဝတီမြို့ကို ပြန်ရဖို့ “ အောင်ဇေယျ” နာမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်လာခဲ့တာလို့ KNU ဘက်က ထုတ်ပြန်ထားပါတယ်။
ဒီလိုစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်တာကြောင့် ဒေါနတောင်ခြေမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ဧပြီလ (၂၀)ရက်နေ့ကစပြီး မြဝတီမြို့ အမှတ်(၂)တံတားဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က Y-12 နဲ့ Mi-35 လေယာဉ်တွေနဲ့ အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ သိရပါတယ်။