ဩဂုတ်လ (၂၂)ရက်။
မြန်မာအရေးပြဿနာကို ဖြေရှင်းတဲ့ ဘယ်လိုအစီအစဉ်မဆို ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီဖို့လိုတယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့ကပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာအရေးပြဿနာကို ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ပံ့ပိုးကူညီလိုတဲ့ နိုင်ငံတွေကို ကြိုဆိုကာ မြန်မာပြည်သူတွေရဲ့အသံကို အလေးအနက်ထား နားထောင်ဖို့နဲ့ မျှော်မှန်းချက်ဆန္ဒကို လေးစားကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာအရေး ဖြေရှင်းရာမှာ ရေရှည်တည်တံ့တဲ့ အဖြေဖြစ်ဖို့အတွက် ဆောင်ရွက်တဲ့အစီအစဉ်ဖြစ်ဖို့ အရေးကြီးကာ နိုင်ငံတကာအသိုက်အ၀န်းရဲ့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ လိုအပ်နေတယ်လို့ သံအမတ်ကြီးက ပြောဆိုထားပါတယ်။
မြန်မာပြည်သူတွေက နိုင်ငံတကာအသိုက်အ၀န်းကို ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ အကူအညီတွေပေးအပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေတာကို မျက်ကွယ်ပြုခံရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုက်အ၀န်းက ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ပျက်ကွက်နေတာကြောင့် တရားမ၀င် အာဏာသိမ်းတာ သက်တမ်းရှည်နေရတာနဲ့ စစ်တပ်အနေနဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်လိုင်စင် လက်၀ယ်ရရှိနေတာကို ပိုမိုရှည်ကြာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအသိုက်အ၀န်းအနေနဲ့ စစ်တပ်ကို တစ်သီးတစ်ခြား ဖယ်ကျဉ်နိုင်ဖို့နဲ့ သူတို့ဆီ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းတာအားလုံး ဖြတ်တောက်နိုင်မှသာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်မယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။