ဩဂုတ်လ (၂၂)ရက်။
စစ်ကောင်စီက ဧည့်စာရင်းပိုက်စိပ်တိုက်စစ်နေတဲ့ ရန်ကုန်မြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ကလောင်နီလှုပ်ရှားမှုကို လူငယ်သပိတ်ကော်မတီတွေက ဒီကနေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကလောင်နီလှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)နဲ့ လူငယ်သပိတ်ကော်မတီတို့က ဦးဆောင်ပြီး ကျောင်းသားပြည်သူတွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ရှုံးစစ်ကောင်စီ အင်အားချိနဲ့ပြိုကွဲလာတာကို ရန်ကုန်လူထုက ၀မ်းသာပီတိဖြစ်နေတာကို ပြည်သူကို ဖိနှိပ်နေတဲ့ စစ်ကောင်စီရှုံးလေ ပြည်သူကပြုံးလေဖြစ်တာကို ဖော်ပြတဲ့ အနီရောင်စာသားတွေကို ရန်ကုန်မြို့အနှံ့ ဖော်ကျူးရေးသားလှုပ်ရှားခဲ့တာလို့ ဖော်ပြထားပါတယ်။
ကလောင်နီဟာ လူထုလက်နက်ဖြစ်ကာ ကလောင်နီလှုပ်ရှားတာကို ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်ကစပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ အရှိန်အဟုန်မြှင့် လှုပ်ရှားနေပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ရဟန်းရှင်လူပြည်သူတွေ၊ ကျောင်းသားလူငယ်တွေအနေနဲ့ ကလောင်နီ(ဆေးအနီ)ကို အသုံးပြုပြီး လူမြင်ကွင်းနေရာတွေ၊ လမ်းမတွေ၊ နံရံတွေနဲ့ ကားမှတ်တိုင်ဆိုင်းဘုတ်တွေမှာ စစ်အာဏာရှင်ကို အာခံတာနဲ့ လှောင်ပြောင်သရော်တဲ့ စာသားတွေ၊ သတင်းစကားတွေ ရေးသားပြီး ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ပါ၀င်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။