စက်တင်ဘာလ (၂၂)ရက်။
တောင်ငူခရိုင်ထဲ ရေကြီးရေလျှံတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၄၈၅၀၀)ဦး ရေဘေးသင့်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၄)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၇၅)ရွာ ရေနစ်မြုပ်ကာ ကျောင်း (၁)ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးတာကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းမှာ ဧကပေါင်း (၂၀၃၇၂.၅၇)ဧက ပျက်စီးခဲ့သလို ကျွဲ၊ နွားအကောင်ရေ (၇၀)ကျော် အသေအပျောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် KNU နယ်မြေဖြစ်တဲ့ ဇရပ်ကြီးတောင်ခြမ်းအုပ်စုမှာလဲ လယ်ပျက်စီးတာ (၆၀၀၀)ဧကနဲ့ ကျွဲ၊ နွား အကောင်ရေ (၇၀)ကျော် အသေအပျောက်ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုနှစ် ရေကြီးရေလျှံတာဟာ (၅၈)နှစ်တာကာလထဲ အကြီးမားဆုံးဖြစ်ပြီး လာမယ့်နှစ်ထဲ တောင်ငူခရိုင်က တောင်ပေါ်မြို့တွေအတွက် စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ခလယ်လွီထူခရိုင်ရှိ လယ်ဒို၊ မူးနဲ့ ဆောထိမြို့တို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၂၈၉)ရွာအပါအ၀င် အိမ်ခြေ (၃၂၂၄၆)လုံးနဲ့ (၁၆၈၄၂၇)ဦး သဘာ၀ဘေးဒဏ် ခံစားခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။