အောက်တိုဘာလ (၂၂)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးရွာကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး (၂)ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ညောင်ကိုင်းပျူရွာကနေ တည်သီးတောပျူရွာကို ဆိုင်ကယ်စီးပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သား ပေသီးနဲ့ ပျူစောထီးအဖွဲ့ဝင် မောင်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခုလတ်တနေရာမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတို့ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး MA1 တလက်၊ ကျည်ဘောက် (၃)ခုနဲ့ အီနာဂါ (၄)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခဲ့တာကို တိုက်နယ်(၂)ပကဖ ဗိုလ်ကျားရိုင်းပကဖအပါအဝင် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ်(၃)ပကဖ တိုက်ခိုက်ရေးအဖွဲ့(ကြီးလေးကြီးပကဖ၊ ဓါးညီနောင်ပကဖ)နဲ့ တိုက်နယ်(၅)ပကဖ ငါးမည်ရပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ဆင်ရေးထဲ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီနယ်မြေထဲ ကင်းပုန်းဝပ် အသင့်စောင့်ဆိုင်းပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ကာ ရဲဘော်တွေအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီ၊ ရဲ၊ ပျူစောထီးနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။