ဇန်နဝါရီလ (၂၃)ရက်။
လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ(၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)ဟာ ကျေးရွာတွေထဲကို ၁၂၀မမ (၃)လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လိန်ပင်ဝဲရွာ ဖိုးအင်ကုန်းက ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃)လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ (၂)ဦးဟာ မောင်ကျော်ဝင်းလွင်(၄၁)နှစ်နဲ့ မောင်လုံးပု(၁၅)နှစ်တို့ဖြစ်ပြီး ပျက်စီးသွားတဲ့ နေအိမ်(၃)လုံးက မောင်ကျော်ဝင်းလွင်၊ ဦးသိန်းတန်နဲ့ ဒေါ်မွှေးတို့အိမ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ည(၈)နာရီ (၁၀)မိနစ်ခန့်မှာလည်း ၁၂၀မမနဲ့ (၃)လုံးပစ်ခတ်ခဲ့ရာ ဝါချဲရွာက စောဖိုးလောရေရဲ့ နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး စောဖိုးလာရေ(၄၂)နှစ်မှာ ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အလားတူ နတ်သံကွင်းမြို့ကနေ တီးမောင်ယေားလာ(၆၀)နှစ်ဟာ အိမ်ကို ပစ္စည်းတွေပြန်ယူချိန် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး အခုအချိန်အထိ ပြန်မလွတ်လာသေးဘဲ အခြေအနေကို မသိရသေးဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။