ဖေဖော်ဝါရီလ (၂၃)ရက်။
၂၀၂၅ နှစ်သစ်မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ မနေ့က အစည်းအဝေးထုတ်ပြန်ချက်အရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ထိန်းသိမ်းရရှိခဲ့တဲ့ မြို့ (၇)မြို့အပါအဝင် TNLA အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးကိစ္စတွေကို ပိုမိုကောင်းမွန်စေဖို့ ဦးဆောင်စီမံအုပ်ချုပ်သွားမယ်လို့ ဆိုပါတယ်။
တအာင်းဒေသထဲ အခြားလူမျိုးအဖွဲ့အစည်းတွေက အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန်ကောက်တာ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာတွေ မပြုနိုင်ဖို့ ကာကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ပြည်သူလူထုရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံး အောင်မြင်ရောက်ရှိစေဖို့ ဦးဆောင်သွားမယ်လို့ အစည်းအဝေးထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်ခါသင့်နေပြီလို့ သုံးသပ်ပြောဆိုထားချက်အရ သိရပါတယ်။