ဇူလိုင်လ (၂၃)ရက်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအ၀င် (၄)ဦး ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခံရတဲ့ ဒီကနေ့ (၂)နှစ်ပြည့်တဲ့နေ့ ရန်ကုန်မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ Revolution Force(RF)တို့က ပြုလုပ်ပြီး “ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းကို ချိတ်ဆွဲခဲ့ကြတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြမ်းဖက်သတ်ဖြတ်နေတာလို့ ဖော်ပြထားပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မုဒိန်းကျင့်တာအပြင် ကျေးရွာတွေကို မီးတင်ရှို့တာတွေပါ အကြမ်းဖက်စစ်တပ်က လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေရဲ့ စိတ်ထဲရင်ထဲမှာ “ ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ပါ” လို့ သပိတ်အင်အားစုတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်တွေရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ လူသားတို့ရဲ့ ရပိုင်ခွင့်တွေကို လုံး၀ဆန့်ကျင်ပြီး အကြမ်းဖက်နေတာသာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။