စက်တင်ဘာလ (၂၃)ရက်။
စက်တင်ဘာလ (၁၉)ရက်နေ့က ချောင်းဦးမြို့ရှိ ကံဇီးရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော် ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ကံဇီးပျူရွာစခန်းကို မုံရွာခရိုင်တပ်ရင်း (၅၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇)တို့က ဦးဆောင်ပြီး ခရိုင်ပကဖ၊ ခရိုင်တပ်ရင်း (၃)နဲ့ တပ်ရင်း (၂၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကံဇီးပျူရွာစခန်းကို နံနက် (၇)နာရီခွဲအချိန်ကစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက (၂)နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံကနေ သေနတ်အရှည် (၁၀)လက်နဲ့ ခဲယမ်းတွေအပါအ၀င် စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ဘက်ဆိုင်ရာ သတင်းလုံခြုံဖို့နဲ့ စစ်စည်းကမ်းတွေအရ အချို့တိုက်ပွဲသတင်းတွေ မထုတ်ပြန်တာနဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေအပေါ် အသိမပေးတာကို နားလည်သည်းခံပြီး ၀န်းရံအားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်ထဲ စစ်ရေးကိစ္စတွေနဲ့ စစ်ဆင်ရေးကိစ္စတွေကို မြို့နယ်တပ်ရင်းတွေနဲ့ ခရိုင်ပကဖ၊ မြို့နယ်ပအဖ၊ ပလဖ၊ မိတ်ဖက်ဒေသတွင်း တပ်ပေါင်းစုတွေက တပြိုင်နက် အသိပေးထုတ်ပြန်မှသာ အတည်မှတ်ယူဖို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။