ဇန်နဝါရီလ (၂၄) ရက်။
ကရင်နီပြည်နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေ ပြည်သူဘက်ကို ဘက်ပြောင်းဖို့ KNDF က ဒီကနေ့မှာ တိုက်တွန်းထားချက်အရ သိရပါတယ်။
ကရင်နီထဲကို ၂၀၂၁ခုနှစ် နှစ်လယ်နောက်ပိုင်းမှာ ရောက်ရှိလာတဲ့ တပ်မ(၆၆)၊ တပ်မ (၅၅)လက်အောက်က စစ်ကောင်စီတပ်ရင်းတွေဟာ ထိခိုက်ကျဆုံးတာတွေ များနေပြီး ဖွဲ့စည်းပုံပျက်ကာ အင်အားချိနဲ့နေတယ်လို့ ဆိုပါတယ်။
(၁၁.၁၁)စစ်ဆင်ရေးထဲ အဲ့ဒီတပ်မတွေရဲ့ လှုပ်ရှားစစ်ကြောင်းတွေ၊ စစ်ကူစစ်ကြောင်းတွေဟာလည်း ထပ်မံချေမှုန်းခံရကာ အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူတွေနဲ့ ဖမ်းဆီးခံရသူ ဦးရေဟာ ရာဂဏန်းနီးပါးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ လက်နက်ချအညံ့ခံသူတွေကို စစ်သုံ့ပန်းအနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖမ်းဆီးထားပြီး ဘက်ပြောင်းလိုသူတွေကိုလည်း သူတို့လက်ရှိရာထူးရာခံတွေအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ ပြန်လည်ထမ်းဆောင်ဖို့ စီမံပေးနေတယ်လို့ ရေးသားထားပါတယ်။
ကရင်နီပြည်နယ်ထဲ နှစ်ရှည်လတွေ မှီတင်းနေထိုင်ခဲ့တာကို ထောက်ထားပြီး ကရင်နီပြည်သူတွေနဲ့အတူ ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ တပ်ရင်းအလိုက်၊ မိသားစုအလိုက် ဘက်ပြောင်းဖို့ တိုက်တွန်းထားပါတယ်။
မိသားစုအလိုက်ဖြစ်စေ၊ တပ်ရင်းအလိုက်ဖြစ်စေ ဘက်ပြောင်းလာသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုးခံစားခွင့်တွေ စီမံပေးမယ်လို့ KNDF က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် မကြာမီမှာ တပ်ရင်းအလိုက် ဘက်ပြောင်းတာတွေကို မြို့နယ်အချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်တဲ့အတွက် အာဏာရှင်ကို ကျောခိုင်းပြီး ပြည်သူ့အောင်ပွဲမှာ ပါဝင်နိုင်ကာ သာယာလှပတဲ့ ဘဝအနာဂတ်တွေကို မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းနိုင်ဖို့အတွက် ပြည်သူ့ဘက်ပြောင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။