ဇွန်လ (၂၄)ရက်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အင်းတော်ကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အင်းတော်ကြီးပြည်သူတွေ ဘေးကင်းအောင်နေကြပါတယ်၊ ဝေလုံစခန်း၊ ညောင်ပင်စခန်းနဲ့ ချောင်းဝစခန်းတွေကို သိမ်းနိုင်ခဲ့ပါပြီ” လို့ အင်းတော်ကြီး-PDF က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝှေလုံစခန်းနဲ့ ညောင်ပင်စခန်းတို့ကို မနေ့က ညပိုင်းအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်သလို ချောင်းဝစခန်းကို ဒီကနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အင်းတော်ကြီးဒေသထဲက စစ်ကောင်စီရဲ့တပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အသေးစိတ်အခြေအနေကိုတော့ အင်းတော်ကြီး-PDF က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
“ သိမ်းထားတဲ့စခန်း (၃)ခုက ဆိပ်မူ ဖားကန့်လမ်းကြောင်းကို ထိန်းထားနိုင်ပြီဖြစ်ပါတယ်။ ဒါက အင်းရဲ့မြောက်ဘက်ခြမ်းပါ၊ ဒေသတစ်ခုလုံး စိုးမိုးနိုင်ဖို့က လုံးတုံစခန်းကြီးကျန်နေပါသေးတယ်” လို့ စစ်ရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လ (၂၂)ရက်နေ့ကစပြီး တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ အင်းတော်ကြီးဒေသမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားအများအပြား သေဆုံးတာတွေရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။