ဇူလိုင်လ (၂၄)ရက်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ထက် ပိုမိုထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ဆောင်ရွက်သင့်တယ်လို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက မနေ့က ဖိလစ်ပိုင်မှာပြုလုပ်တဲ့ မြန်မာအရေးဆွေးနွေးပွဲထဲ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအနေနဲ့ မြန်မာအရေးကို ချဉ်းကပ်တဲ့အခါ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅)ချက်အပေါ် အကြမ်းဖက်စစ်အုပ်စုက မလိုက်နာတာကြောင့် ပိုမိုထိရောက်တဲ့နည်းတွေကို ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းအစည်းအဝေးတွေထဲ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်တွေကို တက်ရောက်ခွင့်မပြုပေမယ့် သူတို့ရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုတာကို ခွင့်မပြုသင့်ဘူးလို့ NUG ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ မကြာခင်မှာ တာ၀န်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာအရေး ထိရောက်တဲ့ ဖြေရှင်းနည်းတွေ ချဉ်းကပ်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လဲ တိုက်တွန်းဆောင်ရွက်တာတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာ့အရေးဟာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေအပါအ၀င် ASEAN Charter ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး တည်ငြိမ်တာတွေကို သက်ရောက်နေတာကြောင့် အထူးအလေးထားဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ၀န်ကြီးက NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးတာတွေနဲ့ စစ်အုပ်စုရဲ့ အင်အားချိနဲ့နေတာတွေအပါအ၀င် စစ်တပ်ရဲ့ လူ့အခွင်းချိုးဖောက်တာတွေနဲ့ အကြမ်းဖက်တာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာနဲ့ ထွက်ပြေးနေရတာကို တင်ပြခဲ့ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဖိလစ်ပိုင်အရပ်ဖက်အဖွဲ့တွေကလဲ ဖိလစ်ပိုင်အစိုးရအနေနဲ့ NUG ကို အသိအမှတ်ပြုဖို့အပါအ၀င် မြန်မာပြည်သူတွေအပေါ် ထိရောက်တဲ့အကူအညီတွေပေးဖို့နဲ့ စစ်အုပ်စုကို အရေးယူဖို့ နိုင်ငံတကာ တရားဥပဒေခုံရုံးစနစ်ကို ထောက်ခံဖို့ တင်ပြခဲ့ကြပါတယ်။