ဇူလိုင်လ (၂၄)ရက်။
မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်နိုင်ငံကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဦးသန်းဆွေက အကူအညီတောင်းခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပိုမိုတိုးတက်ခိုင်မာဖို့အပါအ၀င် မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားဖို့ ဆိုပါတယ်။
နှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းဖို့နဲ့ နယ်စပ်ဒေသမှာ တရားမ၀င် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်း၀ယ်တာတွေကို တိုက်ဖျက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အွန်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်တဲ့ ကိစ္စရပ်တွေကို တိုက်ဖျက်ရာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့အတူ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးနဲ့ စီးပွား/ကူးသန်း၀န်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင်လ (၂၂)ရက်နေ့မှာ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့ကို ရောက်ရှိခဲ့ကာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဒု၀န်ကြီးနဲ့ တွေ့ဆုံခဲ့ကြတာပါ။
စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲဆိုင်ရာ ဖွင့်ပွဲနဲ့ ဆက်စပ်အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။