ဩဂုတ်လ (၂၄)ရက်။
ဒီကနေ့ နံနက် (၉)နာရီကျော်ခန့်က အင်းစိန်မြို့၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးရှိ စစ်ကောင်စီယာဉ်ထိန်းရဲတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီယာဉ်ထိန်းရဲတွေဟာ စော်ဘွားကြီးကုန်းမီးပွိုင့်အနီး ပြည်လမ်းမပေါ်မှာ ဂိတ်ချငွေတောင်းနေကာ ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ယာဉ်ထိန်းရဲအရာရှိတစ်ဦးနဲ့ အခြားအဆင့် (၃)ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်ထိန်းရဲတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်တာတွေကို နောက်ဆက်တွဲအနေနဲ့ ထပ်မံအတည်ပြုစုံစမ်းနေကာ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
God’s Hand Forces ရဲ့ မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေဖို့နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ တိုက်ခိုက်ခဲ့ကာ “ M 043 စစ်ဆင်ရေး” တစ်စိတ်တစ်ဒေသအနေနဲ့ ပဉ္စမမြောက်ဖော်ဆောင်တာလို့ ရေးသားထားပါတယ်။
အများပြည်သူအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ စစ်ကောင်စီရဲ့ အထိုင်ကင်းတွေ၊ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားကြဖို့ အသိပေးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။