ဩဂုတ်လ (၂၄)ရက်။
မနေ့က နေပြည်တော်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီက (၃)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီပြုလုပ်တဲ့ (၃)ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ပါ၀င်ကာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွးန်ထွန်းနောင် တက်ရောက်ခဲ့ပါတယ်။
(၃)ပွင့်ဆိုင်ဆွေးနွေးပွဲထဲ ရွေးကောက်ပွဲကျင်းပဖို့ကိစ္စရပ်အပါအ၀င် အခုကာလ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ကောင်စီရဲ့ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ပေးကြဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီဘက်က တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတ၀န်း တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အချိန် စစ်ကောင်စီဟာ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေပြီး အခုနှစ် အောက်တိုဘာလထဲ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်နေပါတယ်။
စစ်ရေးအရကော နိုင်ငံရေးအရပါ အထိနာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပတာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် တာ၀န်ယူရမယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးပြောဆိုထားတယ်လို့လဲ သိရပါတယ်။