အောက်တိုဘာလ (၂၄)ရက်။
သတင်းထောက် ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA က ဖမ်းဆီးထားတဲ့အပေါ် ချက်ချင်းပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။
ကိုနောင်ရိုးနဲ့ ကိုတာလင်းမောင်လို သတင်းသမားတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့အချိန် သတင်းစီးဆင်းဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အလုပ်တာဝန်တွေကို ဆောင်ရွက်ပြီး ဘက်ပေါင်းစုံက အသံတွေနဲ့ အမှန်တရားပေါ်လွင်စေဖို့ ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီမိုကရေစီလူ့အဖွဲ့အစည်းထဲ သတင်းထောက်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး သတင်းမီဒီယာကို အကာအကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
နောက်ပြီး ဂျနီဗာသဘောတူညီချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတကာ လူသားစာနာမှုဥပဒေအောက် ပဋိပက္ခဇုန်တွေမှာ လုပ်ဆောင်နေတဲ့ သတင်းထောက်တွေကို အရပ်သားတွေအနေနဲ့ သတ်မှတ်ခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးတာက ဥပဒေပါ အကာအကွယ်တွေကို ချိုးဖောက်တာသာမက အများပြည်သူသိပိုင်ခွင့်ရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုပါ ဖိနှိပ်ချုပ်ချယ်တာလို့လဲ IMJA က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအနာဂတ်မှာ အရေးပါပြီး ဒီမိုကရေစီကို တန်ဖိုးထားတဲ့ KIA အနေနဲ့ သတင်းမီဒီယာတွေရဲ့ အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး သတင်းထောက်တွေရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးဖို့ တောင်းဆိုထားပါတယ်။
ဖမ်းဆီးထားတဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို ချက်ချင်းပြန်လွှတ်ပေးပြီး နောက်ထပ် အဟန့်အတားမပြုဘဲ သတင်းလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ မီဒီယာအသိုက်အဝန်းနဲ့ အပြုသဘောဆောင် ဆွေးနွေးတာတွေပြုလုပ်ဖို့ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။