ဇွန်လ (၂၅)ရက်။
မနေ့က နံနက်ပိုင်းအချိန်က ထီးလင်းမြို့နယ်တရားရုံးအချုပ်မှာ ဖမ်းဆီးထားတဲ့ PDF တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
ထီးလင်းမြို့နယ်တရားရုံးအချုပ်မှာ ဖမ်းဆီးထားတဲ့ PDF တွေဟာ ထန်းပင်ကုန်းကျေးရွာက PDF တွေဖြစ်ပြီး ဥက္ကဋ္ဌ ဦးမြင့်ခိုင်အပါအဝင် (၅)ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးထားတဲ့ PDF (၅)ဦး အချုပ်ခန်းကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဆိုတာကိုတော့ စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတာမရှိပါဘူး။
ဒီလိုအချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားသူ (၅)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။