အောက်တိုဘာလ (၂၅)ရက်။
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင်ကို မန္တလေးရှိ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အသိပေးထုတ်ပြန်တာတွေကို မျက်ကွယ်ပြုပြီး ဒေါက်တာ နေစိုးမောင်ဟာ နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝါဒဖြန့်လှုံ့ဆော်တာတွေကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်လဲဖြစ်ပြီး နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ရဲ့ ဖခင်ဖြစ်သူ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားအောင် ဝါဒဖြန့်လှုံ့ဆော်သူတွေကို အကြမ်းဖက်ပုဒ်မအပါအဝင် ဆက်သွယ်ရေးပုဒ်မနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီက သတိပေးရေးသားထားပါတယ်။
ဒေါက်တာ နေစိုးမောင်ဟာ NLD ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို သွားရောက်ခဲ့သလို စိတ်မကောင်းဖြစ်ရတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံရတာလို့ ပြောဆိုနေကြပါတယ်။
ဒေါက်တာ နေစိုးမောင်ဟာ စစ်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ရာထူးကနေ အငြိမ်းစားယူခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။
အခုလို အာဏာရှင်ဟောင်းရဲ့ ဆွေမျိုးတစ်ဦးကို ဖမ်းဆီးတာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့အာဏာတည်မြဲဖို့လမ်းကြောင်းမှာ အဟန့်အတားဖြစ်တဲ့ ဘယ်သူ့ကိုမဆို ရှင်းထုတ်နေတာလို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။