အောက်တိုဘာလ (၂၅)ရက်။
ဒေါ်လာဈေးတက်ရင် ရွှေဈေးနှုန်း သိန်း(၁၀၀)ဖြစ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို မယုံဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုရက်ပိုင်းထဲ ကမ္ဘာ့ရွှေဈေးနှုန်း တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာလဲ မြင့်တက်လာကာ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်တာကို အကြောင်းပြပြီး ဒေါ်လာဈေးကစားနေကြတယ်လို့ ဆိုပါတယ်။
မနေ့က ဒေါ်လာဈေးကို (၄၇၅၀)အထိ ဆွဲတင်ပြီး ရွှေဈေးကို မြှင့်တင်နေကြကာ အချို့ လူမှုကွန်ရက်တွေမှာလဲ ဒေါ်လာဈေးမတက်ရင် ရွှေဈေးနှုန်း သိန်း(၈၀)နဲ့ ဒေါ်လာဈေးတက်ရင် ရွှေဈေးနှုန်း သိန်း(၁၀၀)ဖြစ်မယ်လို့ ကောလာဟလ သတင်းလွှင့်ပြီး ရွှေဈေးကို ဆွဲတင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကောလာဟလသတင်းတွေကို ယုံကြည်ပြီး အရောင်းအဝယ်မပြုလုပ်ကြဖို့နဲ့ ရွှေဈေးကို ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြဖို့ကိုလဲ ရွှေအသင်းက သတိပေးထားပါတယ်။
ဒါ့အပြင် ရွှေအသင်းက သတ်မှတ်ထားတဲ့ ဒီကနေ့ နံနက်ပိုင်း အဖွင့်ဈေးနှုန်းဖြစ်တဲ့ အကယ်ဒမီ မီးလင်းရွှေဈေး (၅၆၂၆၉၀၀)ကျပ်နဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့ ရွှေဆိုင်တွေကို အသိပေးထားပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေတဲ့ အခြေအနေမှာ ပြည်တွင်းရွှေဈေးနှုန်းကို ရွှေအသင်းက ငွေကျပ်(၅၆)သိန်းကျော် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးဟာ ကျပ်(၆၇)သိန်းအထိဖြစ်နေတယ်လို့ သိရပါတယ်။