မတ်လ (၂၆)ရက်။
ရခိုင်ဒေသဖွံ့ဖြိုးဖို့အတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းတဲ့ ရင်းနှီးမြှုပ်နှံတာ လုပ်ကိုင်လိုသူတွေကို ကြိုဆိုတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြမယ့်သူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ဖော်ပြထားပါတယ်။
အနာဂတ်ကာလမှာ နိုင်ငံတကာနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုတဲ့ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ရပ်တည်ကြိုးပမ်းသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို စစ်ကောင်စီဘက်တော်သားအနေနဲ့ သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ AA က ပြောဆိုထားပါတယ်။
အရင်ရပ်တည်ချက်ဖြစ်တဲ့ အာရက္ခဒေသထဲ ရက္ခိုင့်တပ်တော်ကလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရဆိုတဲ့ မူအတိုင်း ရှိနေမယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ရခိုင်ဒေသထဲက စစ်ကောင်စီရဲ့ လက်နက်ချအညံ့မခံသေးတဲ့ လက်ကျန်စခန်းတွေအားလုံးကို AA က ထပ်မံသိမ်းပိုက်ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။