ဇွန်လ (၂၆)ရက်။
သံဃာတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြတ်စွာဘုရားဟောကြားခဲ့တာတွေကို မနေ့ကပြုလုပ်တဲ့ ပညာရေးညီလာခံဖွင့်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
” “ ပညာသမာ အာဘာနတ္တိ” “ ပညာနှင့်တူသော အလင်းရောင်မရှိ” ဟု မြတ်စွာဘုရားက ဟောကြားခဲ့တယ်” ဆိုပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းထဲ ပြောဆိုခဲ့ပါတယ်။
ပညာဟာ အလင်းရောင်နဲ့တူပြီး အလင်းရောင်ဟာ အမှောင်ကိုဖယ်ရှားနိုင်ကာ ပညာဟာ မောဟ(မသိခြင်း)ကို ပယ်ဖျောက်နိုင်တဲ့အကြောင်းကိုလဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အရပ်စကားနဲ့ဆိုရင်တော့ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားဆိုသလို သူ့ကိုကြည့်တော့ တဖက်မှာ သံဃာတွေ ဆရာတော်ကြီးတွေ အပြစ်မဲ့ပြည်သူတွေကို သတ်နေတာ၊ တဖက်မှာကျတော့လဲ လူလေးစားအောင် အသံကောင်းဟစ်နေတာမျိုး” လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။
ဒါ့ပြင် ပညာရေးညီလာခံဖွင့်ပွဲမှာ အသိပညာ၊ အတတ်ပညာ ပြည့်စုံတဲ့ ပညာတတ်တွေနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်သွားမယ်လို့လဲ ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ဟာ ညီလာခံစာတမ်း (၃၆)စောင်အပေါ် အခြေပြုညှိနှိုင်းဆွေးနွေးအဖြေရှာပြီး ရေတိုရေရှည်လုပ်ငန်းအစီအမံတွေ ချမှတ်ကာ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလထဲ သေဆုံးခဲ့ရသူ (၅၃၃၆)ဦးအထိရှိခဲ့ပြီလို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။