ဇွန်လ (၂၆)ရက်။
မတ္တရာမြို့က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကနေ တပ်ရေးဗိုလ်ကြီးအပါအဝင် တပ်မိသားစုဝင်တွေကို ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကနေ တပ်ရေးဗိုလ်ကြီးနဲ့ မှီခိုသူမိသားစုတွေကို သုံးပန့်အနေနဲ့ ဖမ်းဆီးရမိခဲ့တာပါ” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အထဲ စစ်ကောင်စီဘက်က အရာရှိနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်းသိမ်းပိုက်ခံရချိန် ဖမ်းဆီးရမိခဲ့တဲ့သူတွေထဲက စစ်ကောင်စီရဲ့တပ်ရေးဗိုလ်ကြီးဟာ ပြန်လည်ခုခံတာကြောင့် သေဆုံးသွားခဲ့ပြီး တပ်ရင်းမှူးကတော့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
မတ္တရာမြို့က လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီဘက်က တံတားဦးလေတပ်ကနေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မတ္တရာမြို့၊ ဆည်တော်ကြီးအနီးက စစ်ကောင်စီရဲ့ အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကို မန္တလေး-PDF နဲ့ မြို့နယ်-ပကဖတို့က ဇွန်လ (၂၅)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။