ဇူလိုင်လ (၂၅)ရက်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲကစပြီး ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲရှိ မိုင်တိုင် (၂၄)နဲ့ (၂၅)မှာ ဆင်ဖြူတကောင်တွေ့တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ငွေဆောင်ဘက် မိုင်တိုင် (၂၄)နဲ့ (၂၅)ကြားမှာ ဆင်ဖြူတကောင်ကို တောထဲတွေ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကြောင့် စကစအဖွဲ့စုံက တောနင်းရှာနေတာ၊ အဲ့ဒီဗီဒီယိုဖိုင်ကို စကစ၀န်ကြီးချုပ်နဲ့ စစ်တိုင်းမှူးဆီပို့တယ်လို့ သိရပါတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
တောထဲတနေရာမှာ ဆင်ဖြူတကောင် တွေ့တယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီ၀န်ကြီးချုပ်ကိုယ်တိုင် ငွေဆောင်မြို့ကို လာရောက်ခဲ့တယ်လို့ သိရပြီး အခုရက်ပိုင်းအထိတော့ ရှာဖွေမတွေ့ရှိသေးဘူးလို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူးယူတဲ့အချိန် ဆင်ဖြူတကောင် တွေ့တယ်ဆိုတာကြောင့် စစ်ကောင်စီရဲ့ သစ်တောအဖွဲ့၊ စရဖ၊ တပ်ဖွဲ့၀င်တွေနဲ့ ရဲတွေအပါအ၀င် ဆင်ဆရာ၀န်တို့က ဒရုန်းအသုံးပြုပြီး တောနင်းရှာဖွေနေကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေက ဗီဒီယိုဖိုင်ကနေ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတကောင်ကို အသည်းအသန် တောနင်းရှာဖွေနေတာကြောင့် အနီးကျေးရွာရှိ ဒေသခံတွေကို တောထဲ၀င်လာတာတွေ မလုပ်ဖို့ တားမြစ်ထားတယ်လို့ ပြောဆိုထားပါတယ်။
၂၀၂၂ခုနှစ်က ရခိုင်၊ တောင်ကုတ်မြို့ရှိ သစ်လုပ်ငန်းဆင်ဝိုင်းမှာ မွေးဖွားခဲ့တဲ့ ဆင်ငယ်ကို ဆင်ဖြူတော်ဆိုပြီး စစ်ကောင်စီက သတ်မှတ်ခဲ့သလို ရန်ကုန်၊ တိုက်ကြီးမြို့ဘက်မှာလဲ အခြားဆင်တွေနဲ့ အရောင်ကွဲတဲ့ ဆင်တကောင်ကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။