ဇူလိုင်လ (၂၆)ရက်။
NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုး (၇)ဦးကို သတ်ဖြတ်တယ်ဆိုပြီး စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မနေ့ညပိုင်းအချိန်ကစပြီး ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်လော်ဘီတွေအသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးသား (၇)ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ထားတဲ့ ဓါတ်ပုံတွေနဲ့ ဖော်ပြလာခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီအမျိုးသား (၇)ဦးကို မန္တလေးရှိ နန်းတွင်းထဲမှာ ဖမ်းဆီးစစ်မေးကာ စစ်ကောင်စီက ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး သူတို့ဟာ ဦးရည်မွန်နဲ့ ဆွေမျိုးတော်စပ်သူတွေလို့လဲ ပြောဆိုထားကြပါသေးတယ်။
အခုလို စစ်လော်ဘီတွေရဲ့ ဖော်ပြထားတာတွေဟာ သတင်းအမှားသာဖြစ်ပြီး သတ်ဖြတ်ခံရတဲ့သူတွေဟာ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေမဟုတ်ဘူးလို့ နီးစပ်သူတွေက ဒီကနေ့ နံနက်ပိုင်းမှာ ရေးသားထားကြပါတယ်။
“ ဦးရည်မွန် မိသားစုအမျိုးတွေ အသတ်ခံရတဲ့သတင်းက အမှားပါ။ စကစချန်နယ်က တင်တာကို ပြန်တင်နေကြတယ်လို့ သိရပါတယ်။ သူတို့ ရှုံးမဲမဲ ပြည်သူကို သတ်ချင်သလိုသတ် လုပ်ချင်ရာလုပ် ခေါင်းစဉ်တပ် ယုတ်မာနေတာ” လို့ NUG နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားတဲ့ ဓါတ်ပုံတွေထဲ သတ်ဖြတ်ခံရတဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ သေချာမသိရသေးဘဲ စစ်ရှုံးသတင်းတွေကို ဖုံးဖိစေဖို့ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာပါ။
ဒါ့အပြင် စစ်လော်ဘီတွေဟာ သူတို့အသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် မိုးကုတ်နဲ့ လားရှိုးမြို့အခြေအနေကို အမှန်အတိုင်း ရေးသားနေကြတဲ့ ပြည်သူတွေကို ဖမ်းဆီးခိုင်းနေသလို မိုးကုတ်မြို့ကို ဗုံးကြဲဖို့ လှုံ့ဆော်နေကြတယ်လို့ သိရပါတယ်။