ဇူလိုင်လ (၂၆)ရက်။
၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ် တိုးမြှင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံ/ဘဏ္ဍာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ၀န်ထမ်းတွေ စား၀တ်နေရေးနဲ့ သက်သာချောင်ချိဖို့ကို အထောက်အကူဖြစ်စေဖို့အတွက် လစာနှုန်းထားတိုးမြှင့်တာနဲ့ အပိုထောက်ပံ့ကြေးတွေကို ပေးနေတာလို့ ဆိုပါတယ်။
အခုအခါ ၀န်ထမ်းတွေအပါအ၀င် ပင်စင်စား အငြိမ်းစား၀န်ထမ်းတွေကို လစဉ်ထောက်ပံ့ပေးနေတဲ့ အပိုထောက်ပံ့ကြေးအပြင် (၃၀၀၀၀)ကျပ်ကို ထပ်မံတိုးမြှင့်ပေးတာလို့ ဖော်ပြထားပါတယ်။
ဒီလို ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးတာကို ဩဂုတ်လ (၁)ရက်နေ့ကစပြီး ခံစားခွင့်ပြုသွားမှာလို့ ရေးသားထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့လပိုင်းတုန်းက ပုဂ္ဂလိကကုမ္ပဏီအချို့ဟာ ၀န်ထမ်းတွေ စား၀တ်နေရေး အဆင်ပြေစေဖို့ လစာတိုးမြှင့်တာတွေ ရှိခဲ့ပေမယ့် နိုင်ငံပုံရိပ်ကျဆင်းစေတယ်ဆိုပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။