ဒီဇင်ဘာလ (၂၆)ရက်။
စမ်းချောင်းမြို့ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်ခတ်ခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူး ဦးစန်းငွေဟာ အုပ်ချုပ်ရေးမှူးရုံးထဲ တယောက်ထဲရှိနေချိန် ဝင်ရောက်ပစ်ခတ်ခံရပြီး ထိမှန်ခဲ့ကာ ရန်ကုန်ဆေးရုံကြီးရှိ ICU မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
အခုအခါ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းငွေဟာ သေနတ်ထိမှန်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးစန်းငွေကို ပစ်ခတ်ခဲ့သူ (၂)ဦးကိုလဲ အဲ့ဒီနေ့ ညပိုင်းအချိန် အင်းစိန်မြို့၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်(၁)ရှိ အဆောင်တစ်ခုမှာ ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဖမ်းဆီးခံရသူ (၂)ဦးဟာ ကိုဇော်ဘိုနဲ့ မနွေးနွေးအိတို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ကာ သူတို့ (၂)ဦးဆီက သေနတ်အတိုတလက်နဲ့ ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဦးစန်းငွေဟာ ရဲပြုတ်တစ်ဦးဖြစ်သလို ရပ်ကွက်နေပြည်သူတွေအပေါ် မောက်မာရိုင်းစိုင်းတာ၊ စစ်မှုထမ်းဖို့ကိစ္စမှာ တက်တက်ကြွကြွပါဝင်ပြီး ငွေကြေးကောက်ခံတာတို့ကြောင့် Freeland Attack Force(FLA)အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာနဲ့ပတ်သက်ပြီး Freeland Attack Force(FLA)အဖွဲ့ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။