ဇွန်လ (၂၇)ရက်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဂိုဒေါင်ထဲက ဆန်အိတ်တွေကို ယူဆောင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ထုတ်သတင်းစာထဲ ပြောဆိုထားချက်အရ သိရပါတယ်။
“ ဒေသခံမွတ်ဆလင်တွေက သတင်းပို့တဲ့အတွက် ဆန်အိတ်တွေကို သွားယူပြီး အိမ်ထောင်စု (၂၀၀၀)ကျော်ကို ဖြန့်ဝေပေးခဲ့တာပါ” လို့ သူက ဆိုပါတယ်။
ဒုက္ခသည်တွေကိုထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ WFP ဂိုဒေါင်ထဲက ဆန်အိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်းပို့လာတဲ့အတွက် သွားယူလာပြီး ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)အပါအဝင်၊ ကညင်တန်းနဲ့ မောင်နီရပ်ကွက်က အိမ်ထောင်စု (၂၀၀၀)ကျော်ကို ဖြန့်ဝေပေးခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။
WFP ဂိုဒေါင်ထဲက ပစ္စည်းတွေ AA လက်ထဲ မရောက်စေဖို့အတွက် ဒေသခံတွေက သယ်ထုတ်လာတာဆိုပြီးတော့လဲ စစ်ကောင်စီက ပြောဆိုထားပါတယ်။
မောင်တောမြို့၊ ဝေသာလီကျေးရွာက WFP ဂိုဒေါင်တွေနဲ့ လူနေအိမ်အချို့ကို စစ်ကောင်စီနဲ့ သူတို့သင်တန်းပေးထားတဲ့ လက်နက်ကိုင်မွတ်ဆလင်တွေပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ AA က ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံ လက်နက်ကိုင်မွတ်ဆလင်တွေဟာ ဂိုဒေါင်တွေထဲက ဘိလပ်မြေလို့ယူဆရတဲ့ အထုပ်တွေကိုယူပြီး ခရိုင်ကျေးလက်ရုံးမှာ ခံစစ်ပြင်ဆင်နေကြတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဂိုဒေါင်ထဲမှာ လူဦးရေ (၆၄၀၀၀)အတွက် တလစာ အရေးပေါ်ကယ်ဆယ်ရေးရိက္ခာတွေ သိုလှောင်ထားပြီး ဖောက်ထွင်းလုယက်ခဲ့တဲ့အပေါ် WFP က ပြင်းထန်စွာရှုတ်ချထားတယ်လို့ သိရပါတယ်။