ဇူလိုင်လ (၂၇)ရက်။
အာဆီယံအစည်းအဝေးတွေမှာ အကြမ်းဖက်စစ်တပ်အဖွဲ့၀င်တွေ ကိုယ်စားပြုပါ၀င်နေတာက အကြမ်းဖက်စစ်တပ်ရဲ့ အကျိုးစီးပွားကိုသာ ထင်ဟပ်ပြီး မြန်မာပြည်သူရဲ့ စိတ်ဆန္ဒနဲ့ ကောင်းကျိုးကို လုံး၀ထင်ဟပ်တာမရှိဘူးလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းတာဟာ အာဆီယံပဋိညာဉ်မှာ ပြဋ္ဌာန်းထားတဲ့ ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဆိုင်ရာ အာဆီယံရဲ့ အခြေခံမူတွေကို တိုက်ရိုက်ချိုးဖောက်လိုက်တာလို့ ဆိုပါတယ်။
အာဏာသိမ်းဖို့ကြိုးပမ်းတာကစပြီး (၃)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်မဖော်ဘဲ ဆက်လက်ကျူးလွန်ဖောက်ဖျက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖို့နဲ့ ပိုမိုအားကောင်းတဲ့ ချဉ်းကပ်တဲ့နည်းလမ်းတစ်ရပ် ရှာဖွေဖို့အပါအ၀င် အကြမ်းဖက်စစ်တပ်ကို သံတမန်ရေးအရ ဖိအားပေးတာတွေ ပိုမိုတိုးမြှင့်ဖို့ တောင်းဆိုထားပါတယ်။
စစ်အုပ်ချုပ်မှုကို တရား၀င်စေဖို့ရည်ရွယ်တဲ့ စစ်အုပ်စုက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ ဒေသထဲ မတည်ငြိမ်တာနဲ့ မလုံခြုံတာတွေကို ပိုမိုဖြစ်စေနိုင်တယ်လို့ ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ငြင်းဆန်ဖို့နဲ့ ပြည်သူတွေကို အားပေးထောက်ခံဖို့အပြင် NUG အပါအ၀င် တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့တွေကို မြန်မာပြည်သူလူထုရဲ့ တရား၀င်ကိုယ်စားလှယ်တွေအနေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ NUG က တောင်းဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားတွေကို ခွဲခြားတာမရှိတဲ့ လေကြောင်းတိုက်ခိုက်တာတွေကို တားဆီးဖို့အတွက် ဂျက်လေယာဉ်လောင်စာဆီ ကန့်သတ်ချက်တွေနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ဆက်စပ်အဖွဲ့တွေကို အရေးယူပိတ်ဆို့ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။