မတ်လ (၂၈)ရက်။
မကြာမီကာလမှာ ပြည်သူအားလုံးအတွက် အောင်ပွဲတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ရဲ့ (၇၉)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။
အသစ်ပြန်လည်တည်ဆောက်မယ့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုး ကင်းစင်ပြီး ပြည်သူကို အစဉ်အလေးထား ကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်တစ်ရပ် ထူထောင်နိုင်ဖို့ ဆိုထားပါတယ်။
တော်လှန်ရေးဖြစ်စဉ်တွေထဲ အသက်သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွတ်တယ်လို့ ဖော်ပြထားပါတယ်။
ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုတွေကြောင့် ကာကွယ်ရေးစစ်တပ်ကနေ ဖက်ဆစ်စစ်တပ်အသွင်သဏ္ဍာန်ကို ကူးပြောင်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတာကြောင့် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလလို့ ရေးသားထားပါတယ်။
ဒါ့ပြင် အတိတ်သမိုင်းမှာ တိုင်းရင်းသားပြည်သူတွေအားလုံးအကြား စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့ အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့သလို အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်တာမှာလဲ အောင်ပွဲတွေ ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်တယ်လို့ သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။