ဇွန်လ (၂၈)ရက်။
ဇွန်လ (၂၆)ရက်နေ့က နယူးဒေလီမြို့မှာ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ပြီး အဲ့ဒီကနေတစ်ဆင့် နယူးဒေလီကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ဖို့၊ တရာမးဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ဖောက်ကားတာတွေ၊ လူကုန်ကူးတာတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အေစီဒီနဲ့ ဘင်းမ်စတက်တို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စရပ်ကိုလဲ နှစ်နိုင်ငံ သီးခြားတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်သတင်းစာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီဝန်ကြီးနဲ့ တွေ့ဆုံခဲ့ချိန် မြန်မာနိုင်ငံရဲ့ တိုက်ပွဲနောက်ဆက်တွဲ သက်ရောက်တာတွေကို စိုးရိမ်တာနဲ့ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေသလို ရခိုင်မှာလဲ တိုက်ပွဲတွေပြင်းထန်နေတာနဲ့ဆက်စပ်ပြီး စစ်ကောင်စီဝန်ကြီးက အခုလို အိန္ဒိယနိုင်ငံကို ဝင်ရောက်ခဲ့တာလို့ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။