ဩဂုတ်လ (၂၈)ရက်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်ယုတ်မာတာတွေကို အမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ လူငယ်တွေ ဆိုးရွားစွာ ခါးစည်းခံနေရတယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလပုံမှန်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေတာကြောင့် နိုင်ငံတ၀န်းရှိ ပြည်သူတွေဟာ ကြောက်ရွံ့ပြီး နေထိုင်နေရကာ တရားဥပဒေစိုးမိုးရေးဟာလဲ အလုံးစုံပျက်စီးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းလိမ်လည်တာတွေအပါအ၀င် နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတာကြောင့် မြန်မာနိုင်ငံအတွက်သာမက ဒေသထဲနဲ့ ဒေသအပြင်ဘက်ကိုပါ ရိုက်ခတ်နေတယ်လို့ ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အ၀န်းကလဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်တာ ပျက်ကွက်နေတဲ့အတွက် မြန်မာပြည်သူတွေ ခံစားနေရတာတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာပြီး ပြည်သူတွေ ခံစားနေရတာက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ကြေကွဲစရာဖြစ်ရပ်လို့ ဆိုပါတယ်။
အဲ့ဒီပြဿနာတွေရဲ့ အဓိကဇစ်မြစ်ဟာ စစ်အာဏာရှင်နဲ့ မတရားအာဏာသိမ်းတာတို့ကြောင့်ဆိုတာ ရှင်းလင်းနေပြီး ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဆင့်တွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေ ကြိုးပမ်းနေတဲ့အပေါ် ထိရောက်တဲ့ ထောက်ခံပံ့ပိုးတာ ပေးဖို့လိုပြီး လွတ်လပ်ပြီး စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီ အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်တာနဲ့သာ ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်မှာလို့ ပြောဆိုထားချက်အရ သိရပါတယ်။