မန္တလေးကနေ နေပြည်တော်ကို အလှမ်းမဝေးတော့ဘူးလို့ MDY-PDF အသိပေးထုတ်ပြန် ဩဂုတ်လ (၂၈)ရက်။ မန္တလေးတိုင်းထဲ မြို့သိမ်းတိုက်ပွဲတွေမှာ ပါ၀င်နေတဲ့ MDY-PDF က မန္တလေးကနေ နေပြည်တော်ကို အလှမ်းမဝေးတော့ဘူးလို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်သည်၊ စစ်မေတွေရဲ့ အားစိုက်ထုတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံတာနဲ့အတူ ရှမ်းမြောက်-မန္တလေးနဲ့ မန္တလေး-ရှမ်းမြောက်ပြီးရင် မန္တလေးကနေ နေပြည်တော်ဆိုတာလဲ မဝေးတော့ဘူးဆိုတာ အသေအချာပဲ” လို့ ဆိုပါတယ်။ မဝေးကွာတော့တဲ့ ခရီးစဉ်တွေအတွက် အသက်ပေးလှူသွားကတဲ့ စစ်သည်၊ စစ်မေတွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းသွားတဲ့ စစ်သည်၊ စစ်မေတွေကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ခုနှစ်က ရှမ်းမြောက်ကနေ မန္တလေးကို နေ့ချင်းပြန် ခရီးသွားနိုင်ဖို့ဆိုတာ အိပ်မက်လားလို့ မေးခွန်းထုတ်ခဲ့ရပေမယ့် အခုအခါ မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားနိုင်ဖို့က အမှန်တကယ်ဖြစ်လာပြီလို့ ရေးသားထားပါတယ်။ အခုအခါ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့၊ မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲတွေထဲ MDY-PDF လဲ ပါ၀င်တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း (၃၅)ခုကို MDY-PDF က သိမ်းပိုက်နိုင်ခဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခုရက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာရောက်ခဲ့ပြီး လုံခြုံရေးကိစ္စတွေ ညွှန်ကြားသွားတယ်လို့ သိရပါတယ်။