နိုဝင်ဘာလ (၂၈)ရက်။
ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရှိမှသာ အခွန်အခတွေ ရရှိမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ အောင်မြင်မှုရရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ သူတို့ကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေနဲ့ အခြားလိုအပ်ချက်တွေရှိပါက စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး အခုဘဏ္ဍာနှစ်နဲ့ လာမယ့်ဘဏ္ဍာနှစ်တွေမှာ ပြည်သူနဲ့သက်ဆိုင်တဲ့ အများပြည်သူအသုံးပြုနိုင်တဲ့ အခြေခံလိုအပ်ချက်တွေကို နေပြည်တော်အပါဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စရိတ်တွေ မြင့်မားလာခဲ့တာကြောင့် လျှပ်စစ်ဓါတ်အားခနှုန်းထားတွေကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ခဲ့တာလို့လဲ ထည့်သွင်းပြောဆိုထားပါသေးတယ်။
ပဒေသာပင်မြေကြီးကနေ မပေါက်နိုင်ဘဲ ကြိုးစားလုပ်ကိုင်တာနဲ့သာ ပဒေသာပင်ပေါက်နိုင်တာကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။