ဒီဇင်ဘာလ (၂၈)ရက်။
မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူ (၆)ဦးကို ဖမ်းဆီးရမိခဲ့တဲ့အပေါ် မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ရုပ်ပုံတွေနဲ့အတူ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့သူတွေဟာ အသက်အရွယ်အနေနဲ့ အသက် (၁၇)နှစ်ကနေ (၂၂)နှစ်ကြားရှိတဲ့ လူငယ်ပိုင်းတွေဖြစ်ပြီး ဘာကြောင့်ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါ။
ဖမ်းမိခဲ့သူတွေဟာ အသက် (၁၈)နှစ်အရွယ် မောင်မင်းသန့်၊ အသက် (၁၉)နှစ်အရွယ် မောင်အောင်လေး(ခ)ငသဲ၊ အသက် (၂၂)နှစ်အရွယ် မောင်ခန့်၊ အသက် (၁၇)နှစ်အရွယ် အောင်ချမ်းဇင်၊ အသက်(၂၀)နှစ်အရွယ် မဖြူဖြူငြိမ်းနဲ့ မလဲ့လဲ့မွန်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျူးလွန်သူတွေကို မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးဦးဆောင်ပြီး မြို့နယ်ပကဖ၊ရင်း(၁)ရဲဘော်တွေနဲ့အတူ ပူးပေါင်းကာ (၁၂)နာရီအတွင်း ဖမ်းမိခဲ့တာလို့ ပြောဆိုထားပါတယ်။
အခုအခါ ကျူးလွန်သူတွေကို ချုပ်ရက် ရီမန်ရယူကာ စတင်စစ်ဆေးနေပြီး ထွက်ဆိုချက်တွေ ထပ်မံပေါ်ပေါက်လာရင် အသိပေးတင်ပြကာ ဆက်လက်ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်က မုံရွာမြို့နယ် သလ္လာ အမှတ်(၄)ရပ်ကွက် မိုဃ်းကောင်းလမ်းမှာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ကားလုယူထွက်ပြေးမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။