ဇူလိုင်လ (၂၉)ရက်။
မနေ့က မိုးကုတ်မြို့မှာ နယ်မြေရှင်းလင်းတာတွေပြုလုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့၀င်အချို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ထံက သေနတ် (၄)လက်၊ လက်ပစ်ဗုံး၊ RPG နဲ့ ငါးကြင်းမြီး စတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က နံနက် (၇)နာရီခွဲမှာ မိုးမိတ်မြို့ဗျူဟာကုန်းမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခလရ(၃၄၈)နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်နက် (၄)လက် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့တရက်ထဲ ညနေ (၅)နာရီ (၂၀)မိနစ်ကလဲ မိုးကုတ်မြို့ စစ်ကောင်စီရဲ့ စကခ(၂၁)လက်အောက်ခံ ခလရ(၂၆၇)တပ်ရင်းနဲ့ ညောင်ပင်ဆောက်စခန်းက ခလရ(၂၂၃)တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁)လက်အောက်ခံ ခမရ(၅၀၁၊ ၅၀၂)တပ်ရင်းတွေ၊ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းနေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။