ဩဂုတ်လ (၂၉)ရက်။
မနေ့က နံနက်ပိုင်းကစပြီး နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နံနက် (၃)နာရီအချိန်မှာ စေတီကုန်းရှိ (၄၀၆)စစ်ကောင်စီတပ်စခန်းအပါအ၀င် နံနက် (၆)နာရီမှာ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်နဲ့ ညနေ (၆)နာရီအထိ (၂၀၆) စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ အင်ဖိုကျေးရွာနဲ့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ (၃)ကြိမ် ဗုံး (၁၀၀)လုံး၊ ဂျက်ဖိုက်တာနဲ့ (၄)ကြိမ် ဗုံး (၆)လုံးနဲ့ မိုင်တိုင် (၇)ကို ဂျက်ဖိုက်တာနဲ့ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ရက်စောက်မြို့ရှိ ကျောက်ဂူကနေ နောင်ချိုမြို့ထဲကို စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၂၇)ရက်နေ့ ညပိုင်းကလဲ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမှတ် (၉)ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၅၄)နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ကာ (၂)ဦး ဒဏ်ရာရရှိခဲ့သလို အထက်တန်းကျောင်းနဲ့ နေအိမ် (၅)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။