မေလ (၃၀)ရက်။
မေလ (၂၉)ရက်နေ့က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ထဲက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တောင်ဥက္ကလာပမြို့၊ သံသုမာလမ်းမပေါ်ရှိ (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ည(၁၀)နာရီ (၅၀)မိနစ်နဲ့ ဝေဇယန္တာလမ်းပေါ်က (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ည(၁၁)နာရီ (၃)မိနစ်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရတာကြောင့် ပျက်စီးထိခိုက်တာတွေရှိခဲ့ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးပြီးဆုံးတဲ့နောက် တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းအမိန့်ကို အလိုတူအလိုပါ ဖော်ဆောင်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့ထဲက ပြည်သူတွေကို အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အားပေးအားမြှောက် ဝိုင်းဝန်းလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တွေအားလုံးကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။