ဇူလိုင်လ (၃၀)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ဒီကနေ့ နံနက်ပိုင်းကစပြီး သာသနာ (၂၅၀၀)နဲ့ ရန်အောင်မြင် ဘုန်းကြီးကျောင်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ အခုက လားရှိုးမှာ တိုက်ပွဲတွေက ရှုပ်ထွေးနေတယ်၊ စကစကလဲ လေယာဉ်နဲ့ ဗုံးကြဲနေတယ်” လို့ စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ဆိုပါတယ်။
လားရှိုးမြို့ရှိ သာသနာ (၂၅၀၀)နဲ့ ရန်အောင်မြင် ဘုန်းကြီးကျောင်းဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်နေတာကို စစ်လော်ဘီချန်နယ်တွေကလဲ ဖော်ပြထားပါတယ်။
လားရှိုးမြို့ရှိ အထက(၇)ဘက်မှာလဲ တိုက်ပွဲတွေဖြစ်ပွားနေကာ ထိခိုက်သေဆုံးတာတွေကိုတော့ နှစ်ဖက်တပ်ဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးဘဲ တိုက်ပွဲတွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။
ဇူလိုင်လ (၂၅)ရက်နေ့မှာ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ MNDAA က ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးယန္တရားအတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။