စက်တင်ဘာလ (၂၉)ရက်။
မနေ့က ည (၈)နာရီခွဲအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လားရှိုးမြို့၊ အမှတ် (၈)ရပ်ကွက်ရှိ မန်ဆူဟိုတယ်အနီးရှိ ကားဝပ်ရှော့ကို ဖျက်အားပြင်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မန်ဆူဟိုတယ်အနီးရှိ ကား၀ပ်ရှော့တစ်ခုကို ကျရောက်ပေါက်ကွဲခဲ့ကာ တစ်ဆိုင်လုံးနီးပါးပျက်စီးခဲ့ပြီး ပြုပြင်နေတဲ့ ကား (၁၂)စီး ပျက်စီးခဲ့သလို သိန်း (၁၀၀၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးဝန်းကျင်ရှိ အဆောက်အအုံတွေနဲ့ ဈေးဆိုင်တွေလဲ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
မနေ့က စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ထဲ လူထိခိုက်သေဆုံးတာမရှိဘူးလို့ သိရကာ အခုလိုလုပ်ရပ်တွေဟာ ပြည်သူတွေအပေါ် မငဲ့ညှာဘဲ လူမဆန်စွာ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ (၃၀)ရက်နေ့ကစပြီး စက်တင်ဘာလ (၂၈)ရက်နေ့အထိ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ (၉)ကြိမ်အထိရှိပြီး အခုရက်ပိုင်းထဲ ဗုံးကြဲတိုက်ခိုက်တာ နေ့တိုင်းလိုလို ဖြစ်လာတယ်လို့ သိရပါတယ်။