စက်တင်ဘာလ (၃၀)ရက်။
ဒီကနေ့ နံနက် (၁၂)နာရီခွဲ၀န်းကျင်ခန့်မှာ လားရှိုးမြို့ရှိ လူနေရပ်ကွက်ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ လေကြောင်းကနေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၁၂)နာရီခွဲနဲ့ (၁၂)နာရီ (၄၃)မိနစ်မှာ (၁၁)ရပ်ကွက်ဘက်ကို ပေါင် (၅၀၀)ဗုံး (၂)လုံးနဲ့ (၈)ရပ်ကွက်ဘက်ကို တစ်လုံး ကြဲချသွားတာ။ ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရပြည်သူကို ဆေးရုံအချိန်မီပို့ဆောင်နိုင်ခဲ့ပါတယ်။ ပေါက်ကွဲသံကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ရှိ အမှတ် (၁၁)ရပ်ကွက် အောင်စေတနာလမ်းသွယ် လူနေရပ်ကွက်ထဲကို ပေါင် (၅၀၀)ဗုံး (၂)လုံးနဲ့ အမှတ် (၈)ရပ်ကွက် ၀ပ်ရှော့ဆိုင်အနီးကို တစ်လုံး ကြဲချခဲ့ရာ အရပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေအပါအ၀င် အနီး၀န်းကျင်ရှိ အဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့ပြီး ပေါက်ကွဲသံကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
“ ညဆိုမအိပ်ရဲဘူး၊ လေယာဉ်နဲ့ ဘယ်အချိန် ဗုံးလာကြဲမလဲ၊ ကိုယ့်အိမ်ပေါ် ဘယ်အချိန်ကျမလဲလို့ အမြဲစိုးရိမ်နေရတယ်။ ဒီလို ဗုံးထပ်မကြဲဖို့လဲ ဆုတောင်းနေရတယ်” လို့ လားရှိုးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အခုလို အကြမ်းဖက်ဆန်စွာ ညတိုင်း လေကြောင်းနဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လားရှိုးမြို့နေပြည်သူတွေ စိုးရိမ်ပူပန်နေရပြီး ထိခိုက်ဆုံးရှုံးတာတွေ များစွာဖြစ်ကြရတယ်လို့ သိရပါတယ်။